၂၀၁၁နှစ်ကုန်တော့မယ် အမေ
အဲဒီလိုနဲ့ ကျွန်တော်ဟာ
နှစ်ချို့ဝိုင်တစ်ခွက်လို
အဖိုးမတန်ခဲ့ပေမယ့်
သက်တမ်းရင့်ရင့် ကျောက်ဆောင်တစ်ခုလို
ခပ်မာကြောကြော လောကအမော
လောဘဇောတွေကြား လူးလားခေါက်ပြန်
အိမ်ပြန်ချိန်တိုင်း အားမာန်အပြည့်နဲ့
တောင်ပံတွေဖြန့်ထားရဲ့ အမေ.....
အိုးနင်းခွက်နင်း အဖြစ်ပျက်တွေနဲ့
ရာစုနှစ်တွေကိုတိုးရေတွက်ရင်း
မပိုင်တာတွေကို မာန်တက်ရင်း
ကမ်းနိုင်သမျှ လက်ကိုကမ်း
ဝန်ကိုထမ်း ရွှင်လန်းပျော်ရွှင်
နေတတ်လာတဲ့အခါမှာ
လူပီပီသသအဖြစ် ခံစားတတ်လာတယ် အမေ....
အမှားတွေ အမှန်တွေကြားမှာ
လူဆိုတာဒီလိုပဲဆိုတဲ့ အမေ့စကားကြားယောင်ရင်း
ဖြေတတ်နေတတ်ဖို့ ကျင့်ကြံရင်း
ခရောင်းလမ်းကိုလည်း ဖြတ်သန်းဖူးပါရဲ့အမေ.....
အဲဒီလမ်းပေါ်မှာ လမ်းအတူလျှောက်သူ
သိုးအသွင်နဲ့လူက အကျင့်စုတ်စုတ်
ဝံပုလွေအသွင်နဲ့လူက အကျင့်လှလှ
တခါတလေ
စကားလုံးအနုအရွတွေက ခါးရှရှ
စကားလုံးအကြမ်းပတမ်းတွေက
ဘဝအတွက် အားရှိစေလှတယ် အမေ....
သတိနဲ့အသိ သန်မာအောင်မွေးမြူရင်း
အသိမှားပြီး သတိတရားတွေ
ခဏခဏ ကျွန်တော့်ကိုစွန့်ခွာထွက်ပြေးကြတယ် အမေ
မောင်ဘကြိုင်